မိဘရယ်လို့ ဖြစ်လာတဲ့အခါ ကိုယ့်သားသမီးလေးတွေကို ဘေးမသိရန်မခဖို့, သူတို့လေးတွေကို အကောင်းဆုံး ပံ့ပိုးပေးချင်တယ် …ဆိုတဲ့စိတ်နဲ့ အစွမ်းကုန်ကြိုးစားချင်တာ မိဘတိုင်းလိုလိုပါ .. အထူးသဖြင့် ဒီလိုခေတ်ထဲမှာ ကိုယ့်သားသမီးတွေအတွက် အမြဲလိုလို စိုးရိမ်ပူပန်မိနေတယ်ဆိုတာလည်း သဘာဝကျပါတယ်။
မိဘရယ်လို့ ဖြစ်လာတဲ့အခါ ကိုယ့်သားသမီးလေးတွေကို ဘေးမသိရန်မခဖို့, သူတို့လေးတွေကို အကောင်းဆုံး ပံ့ပိုးပေးချင်တယ် …ဆိုတဲ့စိတ်နဲ့ အစွမ်းကုန်ကြိုးစားချင်တာ မိဘတိုင်းလိုလိုပါ ..
အထူးသဖြင့် ဒီလိုခေတ်ထဲမှာ ကိုယ့်သားသမီးတွေအတွက် အမြဲလိုလို စိုးရိမ်ပူပန်မိနေတယ်ဆိုတာလည်း သဘာဝကျပါတယ်။
ဒါပေမယ့်လည်း တစ်ခါတစ်လေ မိဘအနေနှင့် လိုအပ်တာထက်ပိုပြီး စိုးရိမ်လွန်ပြီး ကိုယ်တိုင်သတိမပြုမိတဲ့အခါ ကိုယ်က သားသမီးနဲ့ပတ်သတ်လာရင် အထိမခံနိုင်, အချို့ဆို ကိုယ့်သားသမီးက ကလေးလေး မဟုတ်တော့ပေမယ့် အမြဲတကောက်ကောက်လိုက် မျက်ခြေမပျက်စောင့်ကြည့်နေပြီး သူတို့ဘဝကို သူတို့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ မရှင်သန်စေတော့ဘဲ ကိုယ့်ရဲ့အရိပ်နဲ့လွှမ်းမိုးမိသွားတာမျိုးဖြစ်လာနိုင်ပါတယ်။ ဒါ ဟာ “ Helicopter parenting ” လို့ခေါ်ပါတယ်
ဒီလို ” Helicopter Parenting ” စောင့်ရှောက်မှုက ကိုယ့်အမြင်မှာတော့ သားသမီးလေးတွေကို အားသွန်ခွန်စိုက် အချိန်ပြည့်ကာကွယ်ဂရုစိုက်ပေးနေတယ်လို့ ထင်နိုင်ပေမယ့် သားသမီးရဲ့စိတ်ထဲမှာ –
“ မိဘ,အုပ်ထိန်းသူမပါဘဲ ကိုယ့်ဘာသာရပ်တည်နိုင်ဖို့မဖြစ်နိုင်ဘူး”
“ မိဘအုပ်ထိန်းသူမှ မရှိရင် အရာရာဟာ ကြောက်စရာတွေချည်းပဲ ”
“ အမှားလုပ်မိတာက လုံးဝမကောင်းတဲ့အရာဖြစ်တယ် ” စသဖြင့် တွေးမိလာစေတတ်ပါတယ်။
ဒါဆိုရင် သားသမီးလေးတွေကို သူတို့ရဲ့ အမြင်,အတွေးအခေါ်လေးတွေကို အားပေးလက်ခံကြည့်မယ်။ နားလည်စာနာမှုနှင့် ပြောဆိုဆက်ဆံကြည့်မယ်, လေးစားတန်ဖိုးထားမှုပေးပြီး လမ်းညွှန်ဆုံးမမှုပေးတဲ့ ပြုစုစောင့်ရှောက်မှု လုပ်လို့ရပါတယ်။ ဒါကိုတော့ Gentle parenting လို့ခေါ်ပါတယ်။
Gentle parenting လို့ဆိုလို့ အမြဲအလိုလိုက်ပြီး သားသမီးတွေ နေချင်သလိုနေ, ကလေးဘာပဲလုပ်လုပ် အကောင်းပဲဆိုပြီး သတ်မှတ်ထားဖို့တော့မဟုတ်ပါဘူး။ Gentle parenting မှာ –
ကလေးတွေနဲ့အတူတူရှိနေပေးတယ်, စိတ်ပိုင်းဆိုင်ရာ ရင်းနှီးနွေးထွေးမှုတည်ဆောက်တယ်။
စိတ်ခံစားချက်အပေါ်မမူတည်ဘဲ တသမတ်တည်းဆက်ဆံဂရုစိုက်ပေးတယ်။
ထိန်းချုပ်မှုမလုပ်ဘဲ ကိုယ့်ကလေးနဲ့အတူတူ ဆောင်ရွက်ဖြေရှင်းတယ်။
အချစ်ခံရတယ်, လေးစားတန်ဖိုးထားခံရပြီး သူတို့ကိုယ်ပိုင်ဖြစ်တည်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ခွင့်ရှိတဲ့ လူသားလေးတွေအဖြစ် ခံစားရစေတာမျိုးဖြစ်ပါတယ်။
Gentle parenting ကို ဒီနည်းလမ်းတွေနဲ့ စတင်ကြည့်နိုင်ပါတယ်။
Pause before reacting: ကလေးက အမှားတစ်ခုလုပ်တဲ့အခါမှာ ချက်ချင်းတုံ့ပြန်အော်ဟစ်တာထက်, အသက်ခဏရှုပြီး သူတို့အပေါ်ကို “ ဘာလို့ဒီအပြုမူလုပ်တာလဲ… ဆိုတဲ့ သိလိုစိတ်နှင့် တုံ့ပြန်ကြည့်ပါ။
Validate their feelings: ကိုယ့်ကလေးက ဝမ်းနည်းလို့ ငိုတဲ့အခါမျိုးမှာ မငိုနဲ့လို့တားမြစ်မယ့်အစား “ဝမ်းနည်းတာကို အသိမှတ်ပြုကြောင်းပြုမူပေးပါ။
Offer choices, not commands: ဒါလုပ်, ဒီလိုနေဆိုပြီး အမိန့်ပေးခိုင်းစေတာထက်, ရွေးချယ်မှုပေးပါ။ ဥပမာ – အခုချက်ချင်း ဖိနပ်စီးလို့ပြောမယ့်အစား ဖိနပ်အနီလေးစီးမလား..အပြာလေးစီးမလား.. ဘယ်ဖိနပ်လေးစီးမလဲ ဆိုပြီး ဦးဆောင်နိုင်ပါတယ်။
Involve them in problem-solving: ဒီအရာကိုဖြေရှင်းဖို့ ဘာတွေတူတူလုပ်ကြမလဲဆိုပြီး ပါဝင်,အကြံတောင်းခြင်းလုပ်နိုင်ပါတယ်။
Reconnect after conflict: ကလေးအပေါ် ဆူမိ,စိတ်ဆိုးမိတဲ့အခါမှာလည်း “ လုပ်ရပ်ကို စိတ်ဆိုးတယ်။ ဒါပေမယ့် ကလေးကို ချစ်တယ်, ဂရုစိုက်တယ် တန်ဖိုးထားတယ် “ စသဖြင့် နှစ်သိမ့်ကြင်နာမှုပြပါ။
အရေးကြီးတာက ကလေးကိုပြုစုပျိုးထောင်တဲ့အခါ မိဘတွေအနေနဲ့ Perfect Parent ဖြစ်နေစရာမလိုပါဘူး။ ကိုယ့်သားသမီးတွေကို ဂရုစိုက်နားထောင်ပေးပြီး, သားသမီးရဲ့ ကိုယ်ပိုင်ဘဝဖြတ်သန်းပုံကို ယုံယုံကြည်ကြည်နှင့် ဘေးကနေဖေးမမှုပေးခြင်းကနေ သားသမီးနဲ့ ကိုယ့်ကြားမှာ ပိုပြီးအပြုသဘောဆောင်တဲ့ ချိတ်ဆက်ရင်းနှီးမှုရစေနိုင်မှာပါ။
ကိုယ့်မိဘက အပြစ်တင်မှာ, ဆူပူမှာကိုပဲ အမြဲစိုးရိမ်ကြောက်တတ်တဲ့ကလေးထက်, မိဘဆီက ချစ်ခြင်း,စိတ်ချလုံခြုံမှုအပြည့်ဝရတဲ့ကလေးလေးတွေဖြစ်ဖို့ ပျိုးထောင်ကြရအောင် …
Let’s grow with them.






